Powered By Blogger

Saturday, March 9, 2013

လှည်းကလေးနားကမိသားစု


 
ကျွန်တော် အထင်အရတော့ ကျွန်တော်အလုံဘက် မပြောင်းခင်နှစ် အစော ပိုင်းလောက်
ကတည်းက ဒီနေရာလေးကို သည်အိမ်လိုလို ဆိုင်လိုလို လှည်းကလေးက ဦးထားပုံရတယ်။သူ့ရဲ့နောက်ပိုင်းဘီးတွေ တောင်မရှိတော့လို့ အုတ်နီခဲအတိုအစ တွေနဲ့ခုထားတာကို
ကျွန်တော်သတိထားမိတယ်။

နောက်ပြီး မင်းသားမင်းသမီးပုံတွေ ပါတဲ့ပလတ်စတစ်အမာစားတွေနဲ့ အဲဒီလှည်းကလေးကို
ဖာထားကြသေးတယ်။ လှည်းလေးရဲ့ညာဖက်နားမှာတော့ ပန်းခြံသုံးထီးအကြီးစား ထီးတစ်လက်
နဲ့ဖဲကြိုးတွေအထပ်ထပ် ချည်ထားတဲ့ ပက်လက်ကုလားထိုင်လေး တစ်လုံးကိုနေရာချထားပေးတယ်။

လှည်းလေးရဲ့ဘယ်ဖက်နား မှာတော့သွပ်နန်းကြိုးတွေနဲ့ချည်ထားတဲ့ မီးသွေးမီးဖိုတစ်လုံးရယ်၊
လေးဂါလံလောက်ဆန့်မယ့် အပြာရောင်ပလတ်စတစ်ပုံးနှစ်ပုံး တို့ကိုနေရာချထားပြီး
ဖင်ခပ်မည်းမည်း ဒယ်အိုးတစ်လုံးနဲ့ထမင်းအိုးတစ်လုံးကိုသေတ္တာပေါ်မှာတင်ထားကြတယ်။

နေ့ခင်းဘက်တွေမှာ ထက်ထက်မိုးဦးပုံပါတဲ့ အဲဒီလှည်းလေးရဲ့အရှေ့ဘက် ပြတင်းပေါက်လေးကို
ဝါးတိုတစ်ချောင်းနဲ့ ထောက်ထားပြီး ၀ါကျင့်ကျင့်ကွမ်းရွက် တစ်ချို့ထည့်ထားတဲ့ အနီရောင်
အညံစားပလတ်စခြင်းကလေးတစ်ခြင်းရယ်၊ ထုံးအိုးသေးသေးလေးတစ်လုံးရယ်၊ရေစိမ်မထားတဲ
့ကွမ်းသီးတစ်ချို့ကို သူတို့တွဲပြီး အဲဒီပြတင်းပေါက်နားမှာထားတတ်ကြတယ်။သူတို့အတွက်တော့
့အဲဒီလှည်းလေးက အိမ်လိုလည်းဟုတ်ဆိုင်လိုလည်းဟုတ် နေပုံရပါတယ်။ သူတိုဆိုတာက
အသက်လေးဆယ်ကျော်ကျော်၊ အသားညိုညို၊ ခပ်၀၀နဲ့ယောကျာင်္ားပုံစံ ဆံပင်မတိုမရှည်ထားတဲ့
့အမျိုးသမီးကြီးတစ်ယောက်ရယ်၊ အသက်လေးဆယ်နီးနီး၊ အသားခပ်လတ်လတ်နဲ့အမျိုးသား
တစ်ယောက်ရယ်၊အသက်ရှစ်နှစ်လောက်ရှိမယ့်ကောင်လေးတစ်ယောက်နဲ့ဆယ်နှစ်လောက်
ရှိမယ့်ကလေးမလေးတွေပါ။

များသောအားဖြင့်တော့ မိုးချုပ်ပြီဆိုတာနဲ့ သူတို့ကအဲဒီလှည်းလေးရဲ့ဘေးနားမှ
ခြင်ထောင်ထောင်ပြီးအိပ်တတ်ကြတယ်။မိုးရွာတဲ့ညနေပိုင်းတွေဆိုသူတို့ကိုကျွန်တော်မတွေ့မိဘူး။

နေသာနေ့တွေဆို ကောင်းလေးနဲ့ကောင်းမလေးက လှည်းကလေးဘေးနားမှာ ပတ်ပြေးနေတတ်
ကြတယ်။ ခပ်၀၀အမျိုးသမီးကြီးကတော့ လည်းလေးရဲ့ဘေးနားမှာထိုင်ပြီးသူ့ကွမ်းယာအ၀ယ်ကို
စောင့်ရင်စောင့်နေလိမ့်မယ်။ ဒါမှမဟုတ် သွပ်နန်းကြိုးနဲ့ချည်ထားတဲ့ မီသွေးမီဖိုပေါ်မှာ ထမင်းကျန်တွေကိုကြော်နေတတ်တယ်။ သူ့အမျိုးသားဖြစ်ဟန်သူတဲ့လူကြီးကတော့
့ပက်လက်ကုလား ထိုင်ပေါ်မှာထိုင်ရင်း (ဘီဘီစီ )တို့(အရ်အက်ဖ်အေ) တို့ကို နားထောင်
နေတတ်တယ်။ များသောအားဖြင်တော့ သူရှေ့မှာ ခွက်အပြည့်နဲ့ (ဘီအီး)ဒါမှာမဟုတ် (ဂရင်း)
ကတော့အမြဲလိုလိုရှိနေတတ်တယ်။တစ်ချက်တစ်ချက်မှာတော့ သူတို့က ခရီးသွားရင်း လှည်းဝန်းရိုးကျိုးသွားလို့ လမ်းခုလတ်မှာတောင်တင်နေတဲ့မိသားစုနဲ့ သိပ်ကိုတူတတ်တယ်။

မှတ်မှတ်ရရ ပြီးခဲ့တဲ့ရွေးကောက်ပွဲ ကာလတုန်းကတော့ အဲဒီအမျိုးသားကြီးက သူ့ဆိုင်နားတွေမှာ
နေရာထိုးထားတဲ့ ဆိုက်ကားသမားတွေကို နိင်ငံရေးအကြောင်းတွေ ကိုဖော်ဖွဲ့ပြီးပြောပြသေးတယ်။
ဒါတင်ဘယ်ကမလဲ သူတိုတိုင်လည်း မဲဆွယ်ပါတီတိုင်းရဲ့ တီရှပ်တွေလိုက်ဝတ်ပြီး မဲတွေ
ဆွယ်ပေးခဲ့သေးတယ်။ ညညဆို ယမကာအရှိန်ကလေးနဲ့ သူအမျိုးသမီးကိုတောင် "နိင်ငံရေးဆို
တာလူတိုင်းနဲ့ဆိုင်တယ်" ဆိုတာမျိုးတွေခနခန ပြောတတ်သေးတယ်။ သိပ်မကြာခင်
ရွေးကောက်ပွဲပြီးလို့ သူမဲဆွယ်ပေးခဲ့အမတ်တွေတောင်လွတ်တော်တွေရောက်၊ ၀န်ကြီးတွေဖြစ်
ကုန်ကြပြီ။ လှည်းကလေးနဲ့မိသားစုတော့ အရင်လိုပဲ လှည်းလေးနားမှာ ခြင်ထောင်နဲ့ အိပ်နေတုန်း
ကလေးတွေလည်း နေသာတဲ့နေ့တွေမှာ လှည်းကလေးကိုပတ်ပြေးနေကြတုန်း။ အဝေးကကြည့်
ရင်လှည်း အရင်လို လှည်းဝန်းရိုးကျိုးပြီးတောင်တင်နေတဲ့မိသားစုလေးနဲ့တူတုန်းပါ။


By. Chin Aphogyi

No comments:

Post a Comment