၉ နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ
ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ။ ကဲ ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက်ပါ့မယ်။
ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှုပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ် ပြကွတ် တစ်ခုလည်းဖြစ်သည်။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။အစ်ကို -
အစ်ကိုနဲ့ မိသားစု နေကောင်းရဲ့လား။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ်။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ်။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ (၂၀) အလုပ်လုပ် ရပါမယ်။ ဒါပေမယ့် တစ်နေ့ကို (၄၈) နာရီလောက် ရှိစေချင်မိတယ်။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ် နိုင်မယ်။
ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး။ စားနပ်ရိက္ခာ ခွဲတမ်းလည်း ကုန်သလောက် ဖြစ်နေပါပြီ။ ကျွန်တော်တို့ဟာ ဒုက္ခသည် တွေကို အခြားတစ်နေရာ ပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ်။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမားမှာပါ။ နူကလီးယား စက်ရုံနဲ့ (၂၅) ကီလိုမီတာ အကွာမှာပေါ့။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ်။
ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ်။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား (ဂုဏ်သိက္ခာထက် ပို အားကောင်းသွား) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ်။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှုတွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ်။
ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် (ဘာလုပ်သင့်တယ်) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ်။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ။ စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ (၉) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ်။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ်။
ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ့ သူ့အလှည့် ရောက်တော့ စားစရာ ကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့။
ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ်။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း (ရာရှင်) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ်။
သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ၊ သူက စားစရာထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွားပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာ ထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့တဲ့။
ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည် ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုး အတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည် သဘောပေါက်တဲ့ (၉) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ။
အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့် တာဝန်ချိန်လည်း ပြန်စပါပြီ။
- ဟာမင်းသန်း ( Ha Minh Thanh )
- Written by ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် )
- Source..http://www.maukkha.org/index.php/feature-article/3241-2013-05-11-01-29-01
No comments:
Post a Comment